Source from Kelvin A. Power’s Facebook on January 19, 2020
လောကမှာလူရယ်လို့ဖြစ်လာရင်၊
ချမ်းသာချင်လဲချမ်းသာမယ်၊ဆင်းရဲချင်လဲဆင်းရဲမယ်။
ရုပ်ချောချင်လဲချောမယ်၊ရုပ်ဆိုးချင်လဲဆိုးမယ်။
ပညာတတ်ချင်လဲတတ်မယ်၊ပညာမဲ့ချင်လဲမဲ့မယ်။
ကျန်းမာချင်လဲကျန်းမာမယ်၊အနာရောဂါများချင်လဲများမယ်။
ဗုဒ္ဓဘာသာဖြစ်ချင်လဲဖြစ်မယ်၊ခရစ်ယာန်ဖြစ်ချင်လဲဖြစ်မယ်။
ဟိန္ဒူဖြစ်ချင်လဲဖြစ်မယ်။မွတ်ဆလင်ဖြစ်ချင်လဲဖြစ်မယ်။
ဘာသာမဲ့ဖြစ်ချင်လဲဖြစ်မယ်။
–
သို့သော်ချမ်းသာသည်ဖြစ်စေ၊ဆင်းရဲသည်ဖြစ်စေ၊ရုပ်ချောသည်ဖြစ်စေ၊ရုပ်ဆိုးသည်ဖြစ်စေ၊ပညာတတ်သည်ဖြစ်စေ၊ပညာမဲ့သည်ဖြစ်စေ၊ကျန်းမာသည်ဖြစ်စေ၊အနာရောဂါများသည်ဖြစ်စေ၊ကိုးကွယ်ယုံကြည်မှု့ဘာသာတွေကွဲပြားသည်ဖြစ်စေ၊ဘဝမှာအဆိုးတွေကိုတွေ့ကြုံရသည်ဖြစ်စေ၊အကောင်းတွေကိုတွေ့ကြုံရသည်ဖြစ်စေ၊ပျော်ရွင်ရသည်ဖြစ်စေ၊ဝမ်းနည်းရသည်ဖြစ်စေ၊အလွန်သေချာတာတစ်ခုကတော့၊–(ဘဝမှာကြုံတွေ့ခဲ့ရတဲ့အရာတွေအားလုံးဟာ—တစ်နေ့မှာတော့အားလုံး—ပြီးဆုံး၊ကုန်ဆုံးသွားကြရမှာပါ။)
–
ဒီလိုကောင်းကောင်းဆိုးဆိုး၊ကြုံတွေ့မှု့တွေအားလုံးဟာတစ်နေ့မှာအဆုံးသတ်ပြီးဆုံးသွားကြရမဲ့အတူတူ၊ဘဝမှာမကောင်းတာတွေလုပ်ပြီး၊သောက၊ပရိဒေဝ၊ဒေါမနသ၊နောင်တတွေနဲ့အသံတိတ်ကြိတ်ငိုပြီးအဆုံးသတ်ကြမလား။ဒါမှမဟုတ်အားရဂုဏ်ယူကျေနပ်ခဲ့ရတဲ့ပီတိအပြုံးလေးတွေကိုယ်စီနဲ့ဘဝကိုအဆုံးသတ်ကြမလားဆိုတာကိုတော့ကိုယ်တိုင်သေချာစဉ်းစားထားကြဖို့တော့လိုအပ်ပါတယ်။
–
မည်သည့်ဘာသာကိုယုံကြည်ကိုးကွယ်သည်ဖြစ်စေ၊မပြီးဆုံးသေးခင်ဘဝအခိုက်အတန့်ခဏလေးမှာလူအများကောင်းကျိုးအတွက်ပရဟိတစိတ်ဓါတ်ထားရှိပြီးပရဟိတလုပ်ငန်းတွေကိုလုပ်ဆောင်ခဲ့မယ်ဆိုရင်တော့၊ဘဝကိုသောက၊ပရိဒေဝ၊နောင်တတွေနဲ့အသံတိတ်ကြိတ်ငိုပြီးအဆုံးသတ်ရမယ့်အစား၊မိမိလုပ်ခဲ့တဲ့ပရဟိတလုပ်ငန်းတွေကြောင့်ဂုဏ်ယူပီတိအပြုံးတွေနဲ့အဆုံးသတ်ရမှာတော့သေချာပါတယ်။
–
ဒါကြောင့်ဘယ်လူမျိုးတွေပဲဖြစ်ဖြစ်၊ဘယ်ဘာသာဝင်တွေပဲဖြစ်ဖြစ်ပရဟိတလုပ်ငန်းတွေကိုလုပ်ကြဖို့အထူးတိုက်တွန်းလိုပါတယ်။အားလုံးနောက်ဆုံးထွက်သက်ကလေးမှာအသံတိတ်ကြိတ်၊မငိုရပဲ၊ပီတိအပြုံးပန်းကလေးတွေပွင့်လန်းနိုင်ကြပါစေ။
–
Kelvin Albert Power